
ဗုဒ္ဓဘာသာကို ယုံကြည် ကိုးကွယ်ကြသော မြန်မာနိုင်ငံ၌ မြတ်စွာ ဘုရား ရှင်၏ လက္ခဏာ တော်ကြီး၊ လက္ခဏာ တော်ငယ် အသွယ်သွယ် တို့ကို ရုပ်လုံးကြွ ထင်ရှား စေပြီး စေတနာ ထက်သန်စွာ ကိုးကွယ် ညွတ်တွား ကြစေရန် မြတ်ဗုဒ္ဓ၏ ရုပ်တုတော်များကို ပုံစံ အမျိုးမျိုး၊ ထုလုပ် ကိုးကွယ်မှု လက်ရာ အစုံ အလင် တို့နှင့် ခေတ်အဆက်ဆက် ကိုးကွယ် ခဲ့ကြသည်။ ထိုသို့ ကိုးကွယ် ပူဇော် ကြရာ၌ ကျောက်သား ရုပ်တု၊ အင်္ဂတေ ရုပ်တု၊ အုပ်ခဲရုပ်တု၊ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု၊ ဖလ်ရုပ်တု၊ ဆေးရုပ်တုဟု ရုပ်တုတော် ပုံစံ အမျိုးမျိုး ရှိခဲ့သည်။ ထိုသို့ ခေတ်ကာလ အဆက်ဆက် မိမိတို့ တတ်စွမ်း သမျှသော ရုပ်ဝတ္ထု များနှင့် အမြတ်တနိုး ကိုးကွယ်ခဲ့ကြမှု အမျိုးအစား တွေထဲမှ တစ်မျိုး တစ်ဘာသာ ထွင်းဖောက်ပြီး ဝါးနှီး များနှင့် ရက်လုပ်၍ ဗုဒ္ဓပုံတော်တုလုပ် ကိုးကွယ်လာမှုမှာ ဆယ်စုနှစ်တာ ကာလအတွင်း ထင်ရှား လာခဲ့သည်။
မြန်မာပြည် အရပ်ရပ် မှာပင် ဝါး မျိုးစုံတို့ လွယ်လင့် တကူ ရရှိသည်နှင့် အညီ ဝါးများကို အချိန်ပေးပြီး စုဆောင်းလျက် နှီး ဖြာ၍ ဝါးနှီးနှင့် အဆန်း တကြယ် ရက်လုပ် ကိုးကွယ်လေ့ ရှိသော နှီးဘုရား လက်ရာတို့ တစ်ခေတ်ဆန်းလျက် ရှိလာ ခဲ့သည်။ အနယ်နယ် အရပ်ရပ်တွင် လွယ်လင့် တကူ ရှာဖွေ ရရှိ နိုင်သည့် ဝါးနှီးများ နှင့်ရက် လုပ်(သွန်းထု) ကိုးကွယ် မှုများ တွင်ကျယ်လာ ခဲ့ရာမှ ကချင်ပြည်နယ်၊ အင်းတော်ကြီးနယ် တွင် မြန်မာ နိုင်ငံ၌ ထုထည် အကြီးဆုံးဟု မှတ်တမ်းတင် နိုင်တော့မည့် လန့်ဆေးခမ်း ဘွဲ့တော် အမည် ရှိသော ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး တစ်ဆူ (၂ဝဝ၉) ခုနှစ်အတွင်း သွန်းထု ပြီးစီး ခဲ့ရသည်။
အင်းတော်ကြီး အနီး၌ရှိ သော'နန့်မီးလောင်' ရွာတွင် ရှမ်းတိုင်းရင်း သားဖြစ်သော ဦးဝိမလဗုဒ္ဓိ (ခ) လုံးအွန်ဆိုင် (ဘုန်းကြီးဘွဲ့တော်မဟုတ်ပါ) နှင့် အဖွဲ့က အချိန်ယူ၍ သွန်းထု ကိုးကွယ် ခဲ့ကြရာမှ ယခု အခါ ဗုဒ္ဓ၏ ရုပ်ပွားတော် မြတ်ကြီး အသွင် သဏ္ဌာန် ထင်ရှား ပီပြင် ခဲ့ရပြီး ဖြစ်ရာ (၂ဝ၁ဝ) ပြည့်နှစ်တွင် ဗုဒ္ဓဘိသေကခေါ်သော အနေ ကဇာတင် မင်္ဂလာပွဲကြီးကို အကြီး အကျယ် ဆင်နွှဲ ကျင်းပ နိုင်ရန် ပြင်ဆင်လျက် ရှိသည်ဟု ဆရာတော် ဦးကုဏ္ဍလမှ ပြောပြသည်။
လန့်ဆေးခမ်းဘွဲ့တော်ရ ဝါးနှီးဘုရား မှာ ဝါးပိုး နွယ်ဝါး တွေနဲ့ စနစ် တကျစီမံ သွန်းလုပ်ခဲ့ပြီး ဉာဏ်တော်(၁၈)ပေအရွယ်ရှိ သဖြင့် မြန်မာနိုင်ငံတွင် တွေ့ရှိ ရသော ဝါးနှီး လက်ရာ ရုပ်ထုတော်များ အကြီးဆုံး လက်ရာ ဖြစ်လာ တော့မည်။ အင်းတော်ကြီး ဒေသသည် အထက်မြန်မာနိုင်ငံ၏ တန်ခိုးကြီး သော ရွှေမဉ္ဇူ (ရေလယ်)ဘုရားကြီး ကြောင့် တန်ခိုး ဂုဏ်ရှိန် ကြီးမားလျက် ရှိရာ ယခုအခါ ပြီးစီး နေပြီ ဖြစ်သော လန့်ဆေးခမ်း ဝါးနှီး ဘုရားကြီး ကလည်း ဘုရားဖူး လာရောက်သူ များအား ဗဟုသုတ နှင့်ဒေသန္တရ အတွေ့ အကြုံ တစ်မျိုး တစ်ဖုံ ရရှိ စေလိမ့်မည်ဟု ကချင်ပြည် နယ်ဒေသခံ များက ပြောဆိုလျက် ရှိကြသည်။
သက်နိုင်ထွန်း(နဘား)
1 comments:
အားလုံးပြီးစီးနေပါပြီ... အောင်ငြိမ်းအေး ဆုတောင်းပြည့် နှီးဘုရားလို့ ဘွဲတော်ရသည့် ဘုရာရုပ်ပွားတော်ကို....ယခုလာမည့်
တပေါင်းလလောက်မှာ ယာယီစံမြန်းနေသော်မူသော ကျောင်းဆောင်လေးမှ ကြီးကျယ်ခမ်းနားသော ဘုရားကျောင်းဆောင်သို့ ပင့်ဆောင်တော့မှာ ဖြစ်ပါကြောင်း သတင်းကောင်းထပ်ဆင့်ပါအပ်ပါသည်။
Post a Comment