Saturday, February 13, 2010
၁။
“မိန်းမရေ၊ --ဧည့်ခန်းထဲက တိုင်မှာချိတ်ထားတဲ့ နာရီ မရှိတော့ပါလားကွ”
“ရှင့်သား ဖြုတ်ယူသွားတယ်လေ၊ သူ့ အိမ်မှာ နာရီ မရှိလို့တဲ့”
၂။
“ မိန်းမရေ---ကြောင်အိမ်ထဲက ဓါတ်ဗူးအသစ်တစ်လုံး မတွေ့ပြန်ဘူး၊ မင်းဘယ်သူ့ပေးလိုက်သေးလဲ။”
“ရှင့်သားလာယူသွားတာပဲလေ၊ သူ့အိမ်မှာ ဓါတ်ဗူး လိုနေလို့တဲ့။”
“ တောက်--ဒီကောင် ဒို့ကို ဒုက္ခပေးပေါင်းများလှပြီ၊ ဘွဲ့ရ ပညာတတ်ဖြစ်အောင် ငွေအကုန်ခံ၊ဒုက္ခတွေခံပြီး သင်ပေးခဲ့ပြီးပြီ။
အခု အိမ်ထောက်ကျပြီးတော့လည်း အိမ်ကပစဏည်းတွေ တစ်ခုပြီးတစ်ခု လာယူနေတယ်။ ကျောင်းဆရာ လုပ်နေပြီး ဘာမှ မိဘအပေါ် မသိတတ်တဲ့ကောင်၊ သိအောင်တော့ သွားပြောဦးမှပဲ”
၃။
ကိုတင်မောင်တစ်ယောက် တိုက်ပုံအင်္ကျီ ကောက်စွပ်ပြီး ရပ်ကွက်ရုံးကို သွားမလို့ လုပ်တုန်း ဒေါသဖြစ်ပြီး သူ့သားအိမ်ဘက် ထွက်လာခဲ့တယ်။
သားအိမ်ရှေ့ကိုရောက်တယ်ဆိုရင်ပဲ သားလုပ်သူက အင်္ကျီအဖြူ လည်ကတုံး ၀တ်ပြီး
အိမ်ပေါ်က ဆင်းလာတာတွေ့ ရတယ်။
“ဟေ့ကောင်---မင်းကို ငါပြောစရာရှိလို့ လာခဲ့တာကွ၊ အခု မင်းက--ဘယ်ကို သွားဦးမလို့လဲ”
“ရပ်ကွက်ဓမ္မာရုံမှာ ဟောပြောပွဲရှိလို့ ဖေဖေ၊ ပြောစရာရှိရင် နောက်မှ ပြောပါလား။ အရေးကြီးနေလို့ပါ၊”
သားဖြစ်သူရဲ့ စကားအဆုံး ကိုတင်မာင် သူ့သားကို သေသေချာချာကြည့်လိုက်တဲ့အခါ
သြော်--ဒီကောင့်မှာ တိုက်ပုံ အင်္ကျီမှ မရှိပဲကိုး ဟုရေရွတ်ပြီး---
“ ဟေ့ကောင်--ဟောပြောပွဲ သွားမှာဆိုရင် တိုက်ပုံပါမှ ကောင်းတာကွ--ရော့။
ငါ့တိုက်ပုံအင်္ကျီဝတ်သွား။ ကျောင်းဆရာ ဆိုတာ တိုက်ပုံအင်္ကျီနဲ့မှ ကြည့်ကောင်းတာကွ” ဟုဆိုကာ သူဝတ်လာသော တိုက်ပုံအား ချွတ်ပေးလိုက်ပါတော့သည်။
၎။
“ကိုတင်မောင် --ရှင်သွားတုန်းက တိုက်ပုံ အင်္ကျီနဲ့ပါ၊ အခု ပြန်လာတာ တိုက်ပုံလည်း မတွေ့တော့ပါလား။ ဘယ်မှာများ မေ့ကျန် ရစ်ခဲ့ပါလိမ့်။ ”
“မင်းသားကွာ--ဓမ္မာရုံမှာ ဟောပြောပွဲရှိတယ်ဆိုလို့”
“အလိုတော်--ရှင့်သားက ခန္ဓာကိုယ်ပေါ်က တိုက်ပုံတောင်ချွတ်ယူသလား၊ ဒင်းဆီရောက်သွားရင် ပြန်မရတော့ဘူးဆိုတာ ရှင် လည်း သိသိကြီးနဲ့”
“မင်းပြောလည်း ခံရမှာပဲ မိန်းမရယ်၊ ဒါပေမယ့် အခုဟာက သားကချွတ်ယူတာ မဟုတ်ပါဘူး။ ငါကိုယ်တိုင်က ကျေကျေ နပ်နပ် နဲ့ချွတ်ပေးလိုက်တာပါကွယ်။”
ကိုတင်မောင်ရဲ့ စကားအဆုံး ဇနီးဖြစ်သူက
“သြော်--ကိုတင်မာင်၊ ကိုတင်မောင်--ရှင် ဖခင်ကောင်းတစ်ယောက် ပီသပါပေတယ်တော်” ဟုရေရွတ် လိုက်ပါတော့သည်။
သက်နိုင်ဦး (မြ၀တီ)
မဟေသီ ၂၅ အထူးထုတ်မှ
0 comments:
Post a Comment