Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Saturday, July 11, 2009

မြန်မာများအတွက် ဆဲဗင်း ဂျူလိုင်မမေ့နိုင်

ရန်ကုန် တက္ကသိုလ် (သို့မဟုတ်) ဆဲဗင်း ဂျူလိုင် ဆောင်းပါးရှင် - ဗိုလ်ထက်မင်း ကျောင်းသားဆိုတာဟာ ပွင့်လင်း ရိုးသားပြီး ဖိနှိပ်မှု၊ မတရားမှုကို မကြိုက်တဲ့ သဘာဝ ရှိပါတယ်။ ခေတ်ပညာ တတ်ဖြစ်ပြီး နိုင်ငံတကာ နဲ့  ယှဉ်ကာ အမြင်ကျယ် အသိဥာဏ် ကြွယ်ဝသူတွေလည်း ဖြစ်ကြပါတယ်။ နယ်ချဲ့  ကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့  ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံကို ကယ်တင်ခဲ့တဲ့ “အာဇာနည် သူရဲကောင်း” တွေဟာ ကျောင်းသားတွေက ဖြစ်လာတာ မဟုတ်ပါလား ခင်ဗျား။ ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားတွေဟာ လွတ်လပ်ရေး ရရှိမှု ပြဿနာ၊ ပြည်တွင်းစစ် ရပ်စဲရေး ပြဿနာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြဿနာ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပြဿနာ စတာတွေကို အကြိတ်အနယ် ဖြေရှင်းတောင်းဆို ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့၊ ဗိုလ်နေ၀င်း အာဏာသိမ်း ပြီးတဲ့အခါ စစ်အာဏာရှင် စနစ်ကို ပထမဆုံး ဆန့် ကျင် ကန့် ကွက် ခဲ့တာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ အာဏာသိမ်းပြီးပြီးချင်း မတ်လ (၃) ရက်နေ့မှာ (ဗကသ)၊ (တကသ) နဲ့ (ရကသ) တို့ ပူးတွဲပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်လိုက် ကြပါတယ်။ ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေးပါတီကြီးတွေက စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတဲ့ အချိန်မှာ ကျောင်းသားတွေက ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ကြလို့ ဗိုလ်နေ၀င်းက အာဃာတ တရား ထားခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးကို ပညာရေး ၀န်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ခြင်း မပြုဖို့ တော်လှန်ရေး ကောင်စီက မေလ (၉) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေမှာ ပါတဲ့ လုပ်ပိုင်ခွင့် အားလုံးကို တော်လှန်ရေး ကောင်စီက ကျင့်သုံးမှာ ဖြစ်ကြောင်းနဲ့ ကျောင်းသား တွေကို နှိပ်ကွပ်ချုပ်ချယ်တဲ့ ကျောင်းဆောင် စည်းကမ်းချက် (၂၂) ချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ မေလ (၁၀) ရက်နေ့ တက္ကသိုလ် ကောင်စီဝင်တွေကို ဗိုလ်နေ၀င်းက ဒဂုံရိပ်သာ မှာ ခေါ်ယူတွေ့ဆုံပြီး မူလတက္ကသိုလ် ကောင်စီကို ဖျက်သိမ်း လိုက်တဲ့ အကြောင်း ပြောဆို ကြေညာခဲ့လို့ ကျောင်းသားထုအတွင်း မကျေနပ်မှု ပိုမို များပြားခဲ့ပါတယ်။ မေလ (၂၇) ရက်နေ့ တက္ကသိုလ် ကောင်စီကို တော်လှန်ရေး ကောင်စီရဲ့  ကြေညာချက်အမိန့်  (၃၀) နဲ့ ထုတ်ပြန်တဲ့ အခါမှာ တက္ကသိုလ် ကျောင်းသားတွေ မပါဝင်ဘဲ စစ်အာဏာရှင် အရာရှိကြီးတွေနဲ့သာ ဖွဲ့စည်း ထားလို့  ကျောင်းသားများ ပေါက်ကွဲ ခဲ့ပါတယ်။ မေလ (၃၁) ရက်နေ့ မှာ ကျောင်းသားတွေနဲ့  ပြေလည်မှု ရှိတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာလှကို ရာထူးက ဖယ်ရှားလိုက်ပြီး ဗိုလ်နေ၀င်းရဲ့  ဆရာ သင်္ချာ ပါမောက္ခ ဦးကာ အား အစားထိုး ခန့် အပ်လိုက်ရာမှ အာဏာရှင်အစွယ် ဘီလူး ပေါ်ထွက်လာပါတော့တယ်။ အမှန်မှာ တက္ကသိုလ် အက်ဥပဒေအရ ပါမောက္ခချုပ် ရာထူး လစ်လပ်ရင် ပါမောက္ခတွေထဲက ယှဉ်ပြိုင် အရွေးခံ ခွင့်ရှိပြီး တက္ကသိုလ် ဘွဲ့ရ အသင်းဝင်တွေ လျှို့ဝှက် မဲပေးကာ ရွေးကောက် တင်မြောက်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ထုတ်ပြန်တဲ့ ပညာရေး စည်းကမ်းသစ် တွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အချက်အလက်တွေ များစွာ ပါရှိလို့ ကျောင်းသား တွေက ထောက်ပြပြီး ကန့်ကွက်မှု ပြုလုပ်လာခဲ့ပါတယ်။ တကသ အဖွဲ့မှ ပါမောက္ခချုပ် ရုံးကို တရားဝင် စာပေးပို့ခဲ့ပေမဲ့ ပြန်ကြားမှု တစ်ခုမှ မရခဲ့လို့ အုပ်ချုပ်ရေး အပိုင်းနဲ့ ကျောင်းသားများ အကြား တင်းမာမှု ပြင်းထန်လာ ခဲ့ပါတယ်။ တက္ကသိုလ် အဆောင် တံခါးတွေကို ည (၈) နာရီပိတ်မယ်၊ ဘယ်သူမှ အ၀င်အထွက် မလုပ်ရလို့ တင်းကြပ်စွာ တားမြစ်လိုက်ပြန်ရာ ကျောင်းသားတွေဟာ ဒေါသ ထွက်ကုန် ကြပါတယ်။ ဂျူလိုင် (၄) ရက်နေ့ ည (၉) နာရီမှာတော့ အဆောင်နေ ကျောင်းသားတွေ ကြွေးကြော် ကန့်ကွက် ဆန္ဒပြကြ ပါတော့တယ်။ ဂျူလိုင်လ (၅) ရက်နေ့မှာ ကျောင်းသားတွေက ပါမောက္ခချုပ်နဲ့ တွေ့ခွင့်ပေးဖို့ ပန်ကြားပေမဲ့ တွေ့ခွင့် မရတာကြောင့် အဆောင် တံခါးကို လူအင်အားနဲ့ တွန်းဖွင့်ပြီး လမ်းမတွေ ပေါ်ကို ထွက်လာကြပါတယ်။ ဂျူလိုင်လ (၆) ရက်နေ့မှာ တက္ကသိုလ် နယ်မြေကို ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဂျူလိုင်လ (၇) ရက်နေ့ မနက် (၁၁) နာရီမှာတော့ ကျောင်းသား ထု အစည်းအဝေး ကျင်းပပြီး ပုဒ်မ (၁၄၄) ကို ဆန့်ကျင် ကန့်ကွက်ခြင်း၊ မတရား ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် (၂၂) ချက်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခြင်း၊ တက္ကသိုလ် ပရ၀ှဏ်အတွင်း စီတန်းလှည့်လည် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသားတွေ ဆန္ဒပြပွဲပြီးဆုံးချိန်မှာ လှည်းတန်း ဂါတ်တဲက ရဲကားတန်း တစ်ခု ရုတ်ချည်း ၀င်ရောက်လာပြီး အင်အား (၂၀၀) ခန့် သုံးကာ ကို ဗဆွေလေး နဲ့ ကိုသက် အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပါတယ်။ ကျောင်းသားတွေနဲ့  ရဲတွေဟာ အဓိပတိ လမ်းပေါ်မှာ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံ ကြပြီး ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ပစ်၊ နံပါတ် ဒုတ် တွေနဲ့ ရိုက်၊ ကျောင်းသားတွေက ရရာ ခဲတွေနဲ့ ပစ်ပေါက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။ သွေးသံရဲရဲနဲ့ ကျောင်းသားတွေကို တွေ့ရတဲ့ အခါ ကျောင်းသာထုဟာ ပိုမို နာကျည်းလာပြီး တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင် စတဲ့ ကျောင်းသားတွေက အင်အားထု ကြီးမားစွာ ပြန်လည် တုန့်ပြန်ရာ တိုက်ပွဲ ပြင်းထန်လာပြီး ရဲတွေက ဆုတ်ခွာပေးလိုက်ရပါတယ်။ စစ်အာဏာရှင် တွေဟာ အ၀ိုင်းလေး မှတ်တိုင်အနီးမှာ ဆွဲအားကောင်းတဲ့ အသံဖမ်းစက်နဲ့ လှုပ်ရှားမှု မှန်သမျှကို ဖမ်းယူပြီး မြန်မာ့အသံကွပ်ကဲမှု ရုံးကို စဉ်ဆက်မပြတ် သတင်းပို့ နေပါတယ်။ ဗဟို ကွပ်ကဲမှု နေရာက မြန်မာ့အသံမှာ ဖြစ်ပြီးဗဟိုလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီး မောင်လွင်၊ ဗိုလ်မှူးကြီး ဘဦး၊ ရဲချုပ် ဦးဘအေး၊ ပါမောက္ခချုပ် ဦးကာတို့ ရှိနေကြပါတယ်။ အနီးကပ်ကွပ်ကဲမှု အဖွဲ့ မှာ သနက (၄) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်၊ စစ်အင်ဂျင်နီယာ တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး လှမြင့်၊ လက်ထောက် ရဲမင်းကြီး ဦးလှငွေတို့ ပါဝင်ပြီး အခြေအနေကို မပြတ် စောင့်ကြည့်နေ ကြပါတယ်။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး လည်း လှုပ်ရှားသွားလာ ညွှန်ကြားနေပါတယ်။ ညနေပိုင်းမှာတော့ စစ်ကားတွေ ရောက်ရှိလာကာ စစ်သားတွေဟာ ဂျာမနီ နိုင်ငံလုပ် BA (63) G3, BA (64) G4 မောင်းပြန် ရိုင်ဖယ်များ ကိုင်ဆောင်ပြီး တက္ကသိုလ်ဝင်း စာတိုက်မှ စ၍ အဓိပတိ လမ်းတစ်လျှောက်နဲ့ မန္တလေး ဆောင်ဝင်းဘက်ကို မျက်နှာမူ အသီးသီး နေရာယူ လိုက်ကြပါတယ်။ စာတိုက်ဝင်း ခြံစည်းရိုး အနီးမှာ ဒု ဗိုလ်မှူးကြီးစိန်လွင်အား ကျောင်းသား တချို့က တွေ့ ဆုံဆွေးနွေးခဲ့ပြီး ကျောင်းသားတွေက ဗိုလ်မှူးတို့ တပ်တွေ ကမာရွတ် ဂတ်တဲ အထိ ဆုတ်ခွာပေးပါလို့ လေပြေထိုး ပြောဆိုခဲ့ပေမဲ့ အထက် အမိန့်အရ လာတာ ဖြစ်လို့ ဆုတ်မပေး နိုင်ဘူးဟု ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကျောင်းသားတွေကို လူစုခွဲဖို့နဲ့ သူငယ်ချင်း တွေကို ကိုယ့် အဆောင်ကို ပြန်ဝင်ခိုင်းဖို့  ဗိုလ် စိန်လွင် က ပြန်လည် ပြောဆိုပါတယ်။ ကျောင်းသားထဲက တချို့ဟာ သူတို့  အတွက် မရပ်တည်တဲ့ ပါမောက္ခချုပ် ဦးကာရဲ့ ကားနံပါတ် (စ - ၆၅၉) နဲ့ ကျောင်းပိုင်ကား (စ - ၆၂၀၃) တို့ကို လမ်းမ ပေါ်မှာ မီးရှို့ လိုက်ရာမှ တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ တက္ကသိုလ် ရိပ်သာ လမ်းပေါ်ကစာတိုက်အနီးကို ဖီးယက် ကားတစ်စီး ရောက်ရှိလာပြီး ဗိုလ်စိန်လွင်ကို စာတစ်စောင် ပေးလိုက်ပါ တော့တယ်။ အဲဒီစာကတော့ ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်ခတ်ဖို့  “ပစ်မိန့် ” ပေးလိုက်တဲ့ စာဘဲ ဖြစ်ပါတယ်။ ဗိုလ်စိန်လွင်က တပ်မှူးတွေကို ခေါ်ယူပြီး ပစ်ရန် ညွှန်ကြားပါတော့တယ်။ အဲဒီနောက် G3, G4 မောင်းပြန် ရိုင်ဖယ်တွေနဲ့  တက္ကသိုလ် ၀င်းအတွင်းက ကျောင်းသားတွေကို သုံး မိနစ် ပစ်၊ နှစ် မိနစ် နား စနစ် နဲ့  အတွဲလိုက် ပစ်ခတ်ပါ တော့တယ်။ ဒဏ်ရာရ သေဆုံးသူ (၁၀၀) ၀န်းကျင် ရှိခဲ့ပြီး တက္ကသိုလ် နယ်မြေဟာ ဥဒါန်း မကြေစရာ “သွေးကြွေး” တင်ခဲ့လို့  ရန်ကုန်တက္ကသိုလ်ဟာ “ရန်ကျန် တက္ကသိုလ်” ဖြစ်ခဲ့ရပါတယ်။ စစ်ဘီလူးတွေဟာ အားမရ သေးဘဲ ဂျူလိုင်လ (၈) ရက် မနက် (၄) နာရီ ၀န်းကျင်မှာ စစ်အင်ဂျင်နီယာတပ်က ဗိုလ်မှူး ထွန်းရီ ဦးစီးပြီး တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ ကြီးအား ဒိုင်းနမိုက် နဲ့ ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ပါတယ်။ (၇) နာရီ မှာတော့ ဗိုလ်နေ၀င်းက “ဓား ဓား ချင်း၊ လှံ လှံ ချင်း” စိန်ခေါ်တဲ့ မိန့် ခွန်းကို မြန်မာ့အသံမှ နားခါးစရာ ပြောကြား ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့  စပ်လျဉ်းပြီး ဗိုလ်နေ၀င်းနဲ့  ဗိုလ်အောင်ကြီး တို့ က “အိုကေ” ဆိုတဲ့ စကားလုံးနဲ့  သူလုပ်တယ် ငါလုပ်တယ်လို့ နောက်ပိုင်းမှာ အပြန်အလှန် စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်။ ဗိုလ်နေ၀င်းဟာ ဗဟို ကွပ်ကဲမှု ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုးအား သမဂ္ဂ အဆောက်အဦး ထဲမှာ ရှိတဲ့ ကျောင်းသားတွေကို ထွက်လာကြဖို့ အသံချဲ့ စက်နဲ့ ပြောကြားရန်၊ မထွက်လာရင် ရီကွိုင်လက် လက်နက်ကြီးနဲ့  ပစ်ဖမ်းမယ်လို့ ထည့်သွင်း ပြောကြားရန်၊ ညနေပိုင်း မမှောင်ခင် လုပ်ရန်နဲ့ လိုအပ်ရင် လက်နက်ကြီး သုံးဖို့ အမိန့် ပေးခဲ့တယ်လို့ သိရပါတယ်။ ရီကွိုင်လက် လက်နက်ကြီး ဟာ ပေါက်ကွဲမှု ပြင်းထန်တဲ့ စွမ်းအားရှိလို့  အဲဒီလက်နက်ကြီးနဲ့  ပစ်ရင် အဆောက် အဦး မခံနိုင်ဘဲ ပွင့်ထွက်ကာ မိုင်းဖောက်ခွဲတာနဲ့  စွမ်းအားအတူတူ ဘဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဦးအောင်ကြီး က ဆင်ဝှေ့ ရန်ရှောင် ရှင်းရာမှာ ဗိုလ်လှဟန်နဲ့ အတူ ဦးနေ၀င်း ထံကို သမဂ္ဂ အဆောက်အဦး ဗုံးခွဲမဲ့ ကိစ္စ တားဆီးဖို့ သွားတာလို့ ပြောပါတယ်။ ဖြစ်စဉ်အမှန်က ကွပ်ကဲမှု အဖွဲ့က ဗုံးခွဲဖို့ ဆုံးဖြတ်တာကို ဦးနေ၀င်းထံ အတည်ပြုပေးဖို့ သွားရောက် တင်ပြခဲ့တာဖြစ်ပြီး အဲဒီကိစ္စကို ဦးနေ၀င်းက အိုကေ ဆက်လုပ်ပါလို့ သဘောတူခဲ့လို့ ဦးအောင်ကြီး ကလည်း ကွပ်ကဲမှု အဖွဲ့ အား ညွှန်ကြား ပြောဆို ခိုင်းစေခဲ့တာဖြစ်ပါတယ်။ သမိုင်း တရားခံ သူတို့ နှစ်ဦးနဲ့  ကြံရာပါ စစ်ဘီလူးတွေ အားလုံးကြောင့် သမဂ္ဂ အဆောက်အဦးအတွင်းမှာ နားခို နေကြတဲ့ ဒဏ်ရာရ ကျောင်းသူကျောင်းသားမြောက်များစွာဟာ အဆောက်အဦးကြီးနဲ့  အတူ ပျောက်ကွယ် သွားခဲ့လို့  ရင်နင့်စရာ ကောင်းလှပါတယ်။ ၁၉၆၃ ဂျူလိုင်လ (၇) ရက်နေ့မှာတော့ ဆဲဗင်းဂျူလိုင် တစ်နှစ်မြောက် အခမ်းအနားကို ပြုလုပ်ခဲ့ကြရာ ကျောင်းသားများအားလုံး မျက်ရည်ကျ ၀မ်းနည်း ဂုဏ်ယူကြပြီး ကျဆုံးသူများ အတွက် လွမ်းသူ့ ပန်းခွေ ချခဲ့ကြပါ တယ်။ မူလနေရာမှာ ယာယီ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖွင့်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်က စပြီး ကျောင်းသားတိုင်းရဲ့  ရင်ထဲ၊ နှလုံးသား ထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့ အမြစ်တွယ် ကိန်းဝပ် လာခဲ့ကြပါတယ်။ ကျောင်းသားတွေရဲ့  နုပျိုသစ်လွင် ရယ်မောသံတွေနဲ့ စည်ကားခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ပရ၀ုဏ်ဟာ ယနေ့ဆိုရင် ခြောက်သွေ့ တိတ်ဆိတ်နေပြီး တက္ကသိုလ်တွေကို အဝေးကို လွှင့်ထုတ်ထားရတဲ့အထိ စစ်အာဏာရှင်တွေဟာ ကျောင်းသားတွေရဲ့ သတ္တိကို ကြောက်ရွံ့ တုန်လှုပ်ခဲ့ရပါတယ်။ ဆယ်စုနှစ်များ ချီပြီး ကြာမြင့်ခဲ့ပြီး ဖြစ်ပေမဲ့ ဒီအရေးအခင်းကို မမှီလိုက်တဲ့ မျိုးဆက်သစ် ကျောင်းသား လူငယ်တိုင်းဟာ လက်ဆင့်ကမ်း တကူးတက ပေးဝေငှလို့ မဟုတ်ဘဲ နှလုံးသားအသိလေ့လာမှု ကြောင့် ကိုယ်စီ၊ ကိုယ်စီ စစ်အာဏာရှင်ကို ဆန့်ကျင်ရမယ်ဆိုတဲ့ ခံယူချက် အလိုလို ပေါက်ဖွားလာခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ကို သူတို့ ကျောင်းသား ဘ၀က ကြုံခဲ့ကြတဲ့ O.T.S ဗိုလ်သင်တန်း၊ အပတ်စဉ် (၂၉) ကျောင်းဆင်း အရာရှိတွေဟာ တပ်ရင်းမှူး ဖြစ်လာတဲ့ အချိန်မှာ အချင်းချင်း အလွတ်သဘော ဝေဖန် ဆွေးနွေးကြရာမှာ သမဂ္ဂအဆောက်အဦးကို မိုင်းခွဲဖို့ မလိုကြောင်း၊ သမဂ္ဂ အဆောက်အအုံက ဂျက်ထိုး ပိတ်ထားတဲ့ တံခါးမကြီးအား အင်အားသုံး ရိုက်ဖျက်ပြီး အတွင်းက ခိုလှုံနေကြတဲ့ ကျောင်းသားတွေကို ဖမ်းဆီးယုံဖြင့် သွေးထွက်သံယို နည်းပါးသွားမယ် ဖြစ်ကြောင်း၊ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်ကျော်စိုး တို့ မှာ လည်းတာဝန်ရှိပြီး အဲဒီတုန်းက ရီကွိုင်လက် နောက်ပွင့်လက်နက်ကြီး ဟာ ရှေ့တန်းမှာရောက်နေလို့ ရှာလို့ မရဖြစ်နေချိန်မှာ ကွပ်ကဲမှုပေးတဲ့ အရာရှိကြီးတွေ အနေနဲ့ အခြေအနေကို ထိမ်းသိမ်းဖို့၊ စီမံခန့်ခွဲဖို့၊ ပေါင်းစပ်ညှိနှိုင်းဖို့ ညံ့ဖျင်းကာ နှိပ်ကွပ်ဖို့ကိုဘဲ တာစူနေ ကြကြောင်း၊ ဗိုလ်စိန်လွင်ဟာ G3,G4 တွေကို တစ်တောင့်ချင်း အပေါ်ထောင်ပစ်ရုံနဲ့ ဖြေရှင်းရနိုင်ကြောင်း စသဖြင့် ကျဆုံးသွားတဲ့ သူငယ်ချင်းများကို တမ်းတ လွမ်းဆွတ်ရင်း သုံးသပ်ပြောဆို ဝေဖန်ခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်မှာ မဟာ ကျောင်းသားတွေဟာ နိုင်ငံရေးပါတီ အဖွဲ့ အစည်း လောင်းရိပ်တွေ အောက်က ကင်းလွတ်ပြီး သီးခြား လွတ်လပ်တဲ့ အမျိုးသားနိုင်ငံရေး အင်အားစုကြီး တစ်ရပ်အဖြစ် ပေါ်ထွက်ခဲ့တဲ့ အပြင် ကျောင်းသားတွေရဲ့ စွန့်လွတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ အနစ်နာခံတဲ့ စိတ်ဓာတ်တွေဟာ အံ့မခန်း ဖြစ်ခဲ့ရ ပါတယ်။ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်း လက်တွဲပြီး ကြီးမားတဲ့ အမျိုးသား နိုင်ငံရေး လမ်းကြောင်းပေါ်မှာ ဆက်လက် ရပ်တည် ခဲ့ကြတာကို ဂုဏ်ပြုရင်း ရေးသား တင်ဆက်လိုက် ရပါတယ် ခင်ဗျား။

0 comments:

Post a Comment

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....