Pageshttp://www.mediafire.com/file/q0xk7cd1oh3f02r/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%9E%E1

Tuesday, December 22, 2009

သူငယ်ချင်းများအားလုံးအတွက် မွေးနေ့ ဆောင်းပါးလက်ဆောင်

စက္ကန့်လက်တန့်လေးများကို ကျော်ဖြတ်ပြီး ခရီးဆန့်ချီလာခဲ့တာ ဤနေ့မှာတစ်ဖန် မွေးနေ့သို့ ပြန်ရောက်လာခဲ့ပြီ နော်။
ဒီမွေးနေ့မှာ ငါဟာ လူ့ဘဝနှင့် ရှင်သန်ခွင့်ရနေသေးတာဖြင့် ကုသိုလ်ကံ အထောက်အပံ့ မကုန်သေးရွေ့သာကိုး …
ယခု … လူ့အခွင့်အရေးကို အသုံးချခွင့်ရနေသေးတယ်…
လူ့အခွင့်အရေးဆိုတာ ဘာလဲ ? လို့ တစ်ချက်ကလေး စဉ်းစားကြည့်ရင် နှိုင်းစာကြည့်မှ သိနိုင်ပါတယ်။ ဘေးနားမှာ ရှိနေတဲ့ တိရိစ္ဆာန်နဲ့ပဲ နှိုင်းစာကြည့်တော့ မိမိမှာလည်း ခန္ဓာငါးပါး၊ သူတို့မှာလည်း ခန္ဓာငါးပါးပဲ။ အဆင်းကို မြင်နိုင်တယ်၊ အသံကို ကြားနိုင်တယ်၊ အနံ့ကို နံနိုင်တယ်၊ အရသာကို ခံစားနိုင်တယ်၊ အတွေ့အထိကို ထိတွေ့သိနိုင်တယ်၊ အတွေ့အကြံတွေကို ကြံစည်နိုင်တယ် ဆိုတဲ့ အချက် (၆) ချက်နဲ့ ရထားတာတွေကို စစ်ဆေး၍ ယှဉ်ကြည့်ရင်လည်း သူလည်းရ ကိုယ်လည်းရ အတူတူပါပဲ။ တိုတိုလေးနဲ့ပဲ မတူတာကို ဆွဲထုတ်ကြည့်ရင် အသိဉာဏ်မှာ လူက သာနေပါတယ်။ ဒီတော့ -
လူ့အခွင့်အရေးဆိုတာ အဆင့်အတန်းမြင့်တဲ့ အသိဉာဏ်ကို ရရှိထားတာပါပဲ။
ဒီ လူ့အခွင့်အရေး ဖြစ်တဲ့ ဒီ အသိအဉာဏ်ကို ဘယ်လောက်ထိ အသုံးချပြီးပြီလဲ၊ ဘယ်လောက်တောင်များ ဖြုန်းတီးပစ်လိုက်ပြီလဲဆိုတာ ဆင်ခြင် သုံးသပ်ဖို့အတွက် ဒီမွေးနေ့က သတိပေးနေပါတယ်။
ဒီအဆင့်အတန်းမြင့်တဲ့ အသိဉာဏ်ကို အသုံးချပြီးတော့ အဆင့်အတန်းမြင့်တဲ့ ကုသိုလ်လုပ်ငန်းကို လုပ်နေလား၊ (သို့မဟုတ်) ဒီအဆင့်အတန်းမြင့်တဲ့ အသိဉာဏ်ကို အသုံးချပြီးတော့ အဆင့်အတန်းမြင့်တဲ့ အကုသိုလ်လုပ်ငန်းကိုပဲ လုပ်နေလား ဆိုတာကိုလည်း ခွဲခြား စီစစ် သုံးသပ်ဖို့ လိုပါတယ်။
အကုသိုလ်အရာမှာ ပိုပြီးကြီးမားသွားရင် အကုသိုလ်ဖက်က ကြည့်ရင် ဒါသည် အဆင့်အတန်းမြင့်တဲ့ အကုသိုလ်လို့ ခေါ်ပါတယ်။ ဥပမာ - ဓားပြဂိုဏ်းမှာ ပို၍ မိုက်ကန်းသူက အဆင့်အတန်းမြင့်တဲ့ ဓားပြဗိုလ် အဆင့်မှာ နေရတာကိုးနော်။ ဒါကိုပဲ တစ်ဖက်ကကြည့်ရင် ဓားပြဗိုလ်ဟာ စိတ်ဓာတ်နှင့် လုပ်ရပ်ပိုင်း အရာမှာ အောက်တန်းအကျဆုံး၊ ရွံရှာဖွယ်အကောင်းဆုံး ဖြစ်နေတော့ ထိုဖက် အမြင်အရ အဆင့်အတန်းနိမ့်တဲ့သူ ဖြစ်နေပါတယ်။
ဒါဟာ ဟိုဖက် ဒီဖက် ကိုယ့်အထင် ကိုယ့်အမြင်လေးတွေ ကွဲပြီးတော့ အသုံးအနှုန်းလေးတွေ ကွဲပြားသွားတာကို ထောက်ပြတာပါ။ ဘယ်သူ့ အထင်အမြင်က မှန်သလဲဆိုတာကို -
- အကျိုးပေးနေတာနှင့်
- အကျိုးပေးသွားတာ
ဆိုတဲ့ အချက် နှစ်ချက်ကို ကြည့်ပြီး အဖြေထုတ်နိုင်ပါတယ်။
ဟုတ်ပြီး….ဒီတော့ နှမ်းစေ့ တစ်စေ့လေးကို ရလာရင် သူ့ကို ဒီအတိုင်းထားရင် ခြောက်ကပ်သွားမယ်။ အချိန်ရှိခိုက် ကြိတ်လိုက်ရင်တော့ ဆီကို ရနိုင်ပါတယ်။ ဒီလိုပဲ အခု မွေးနေ့က သတိပေးလို့ သိရတဲ့ အသိဉာဏ်လေးကို အချိန်ရှိခိုက် လုံးလစိုက်ပြီး အဆင့်အတန်းမြင့်တဲ့ ကုသိုလ်လို့ ဆိုတဲ့ ဝိပဿနာဘာဝနာကို အခြေခံအုတ်မြစ် သီလဆောက်တည်၍ ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် ဒါသည် လူ့ဘဝအခွင့်အရေးကို အသုံးချတာပါပဲ။ ဒါမှမဟုတ်ရင်တော့ ဖြုန်းတီးပစ်တဲ့ သဘောပဲ ဆိုတာ အပြောထက် ဖြစ်စဉ်က ပိုမှန်နေပါတယ်။
ဖြစ်စဉ်ကိုက် အတွေးလေးတစ်ခုကို ဖောက်သည်ချ ပြောပြရင်း ဆီကြိတ်ဖို့ နှမ်းစေ့လေးများ ထပ်မံ ပေးလိုပါတယ်…
မြန်မာနိုင်ငံကို ဖုန်းဆက်တာလေးနဲ့ ဆက်စပ်ပြီး စဉ်းစားမိသေးတယ်….
၃၀ မိနစ် စကားပြော ဖုန်းကဒ်လေးကို ယူပြီး ဆက်လိုက်တဲ့အခါ မြန်မာနိုင်ငံက လိုင်းမကောင်းတာနဲ့ မိနစ်တွေ အစပိုင်းမှာ အတော်စားသွားတယ်။ ခေါ်လို့လည်း ရတဲ့အချိန်မှာ မိနစ်က ကုန်လုနီးပါးလေး ဖြစ်နေပြီ။ အချိန်မစေ့သေးခင်မှာ ဘာဘာညာညာ ပြောနေရင်းပါပဲ စကားမပြတ်ခင်မှာ ဖုန်းလိုင်းပြတ်သွားခဲ့တယ်။
ဒါလေးနဲ့ ဆက်စပ်ပြီး တွေးကြည့်တော့ တို့တွေလည်း ၃၀ မိနစ်စာ ရထားတဲ့ ဘဝမှာ ရှေ့ပိုင်းက အတော်ပဲ အပျော်အပါးတွေရှာပြီး ဖြုန်းတီးပစ်ခဲ့တယ်။ အသိကလေးဝင်လို့ တည်တည်ငြိမ်ငြိမ်လေးဖြစ်လာတော့ အိုစာမင်းစာအတွက် ဆိုပြီးတော့ရယ် ကုတ်ကပ်ရှာစု ဘာညာပြုနေစဉ်မှာပဲ လုပ်လက်စ အလုပ်တစ်ခု မပြီးခင်မှာ လိုင်းဖြတ်ခံလိုက်ရမယ်။ ဒီလိုပဲ ပတ်ဝန်းကျင်မှာ လိုင်းဖြတ်ခံရတဲ့သူတွေကို ကြည့်တော့ ဒီလို လုပ်လက်စလေးတွေ တိုးလိုးတန်းလန်း တွေနဲ့ ကိုးနော်။ ဒီလို လုပ်လက်စ မပြီးပြတ်ခင်မှာ လိုင်းဖြတ်ခံရတော့ တိုးလိုးတန်းလန်းကြီးနဲ့ ဘယ်လို ဖြစ်သွားမလဲဆိုတော့ ခုလုခုလု ပေါ့။
ထမင်းစားရာမှာ ခဲလုံးဝါးမိသလို ခုလုခုလု ဖြစ်မှာက သေချာပေါက်။ ဒီ ခုလုခုလု က တစ်ခြားမဟုတ်ဘူး၊ ဒေါသကိလေသာ။ ကုသိုလ်လား? အကုသိုလ်လား? စစ်ဆေးကြည့်တော့ အကုသိုလ်ဖြစ်နေတယ်။ ဒီလိုဆို သေချာပေါက် ဆိုးကျိုးပဲ ပေးမယ်၊ ဆိုးကျိုးနဲ့ပဲ တွေ့ကြုံရမယ်။
ဒီလို စစ်ဆေးလိုက်တော့လည်း အကျိုးပေးမလှတော့ မတော်ဘူးဆိုတာ အဖြေထွက်ပါတယ်။ ဒီအဖြေထွက်တော့ ခုလုခုလုမဖြစ်ခင် ရှေ့ပိုင်းအစီအစဉ်ကို ပြန်ပြောင်းရတော့မယ်။ ပြန်ပြောင်းဆိုတော့ ဘယ်လိုပြောင်းမလဲဆိုရင် လှိုင်းမဖြတ်ခင်မှာ အလုပ်ကို ပြီးပြတ်အောင် လုပ်ထားဖို့ လိုသည်။ ဒါမှ ကြိုက်တဲ့အချိန်မှာ ဖြတ်၊ ကိုယ့်အလုပ်က ပြီးပြတ်နေပြီ။ တိုးလိုးတန်းလန်းနဲ့ ငါ့မှာ ရောင်ရမ်းမနေအောင် အေးအေးဆေးဆေးဖြစ်ဖို့ တို့ လုပ်ထားမှ တော်မည်။
မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမတော်မူသည့် -
” ကံမဦးခင် ဉာဏ်ဦးအောင် လုပ်ကြ”
ဆိုသည်မှာ အထက်ပါ သဘောကို မီးမှောင်းထိုးပြခြင်း ဖြစ်ပါသည်။ အလုပ်ကို ပြီးပြတ်အောင် လုပ်ထားခြင်းဆိုသည်မှာ အမှန်တရားကို နားလည်သိမြင်၍ မရွံ့မတွ သည်းခံနိုင်တဲ့ အသိဉာဏ်။ ရထားတဲ့ ခန္ဓာ့ ဖြစ်စဉ် နှင့် ပျက်သဘော ကို ကျကျနန သဘောသိမြင်ထားတဲ့ အသိအဉာဏ်ရအောင် အားထုတ်ခြင်းကို ဆိုပါသည်။
သေချာ စဉ်းစားကြည့်ပါ။ မွေးနေ့ရလာပြီဆိုရင် သေနေ့က ဒွန်တွဲ၍ ပါနေပြီ။
မွေးနေ့မှာ သေနေ့ပါ ဆိုတာသည် အပြစ်စကားဆိုခြင်းမဟုတ် အဖြစ်စကားကို ပြောခြင်းပါ။
အခု မွေးနေ့အတွက် ဘာကျွေး ညာကျွေးနဲ့ ဟီးဟီးဟားဟားအတွက် ပြင်ဆင်ကြသလို သေနေ့အတွက်ပါ ဝိပဿနာဉာဏ်ဦးစီးပြီးတော့ ဝိပဿနာအသိကလေးနဲ့ ပြုံးပြုံးလေး အသေလှအောင်၊ အသေမြတ်အောင် မသေခင် မွေးနေ့ ကျင်းပနိုင်တုံးလေးမှာ ကပ်ပြီး ပြင်ဆင်ရမှာကို -
ဤနေ့ သူငယ်ချင်းများအားလုံးရဲ့ မွေးနေ့အတွက် မွေးနေ့ဆောင်းပါးလက်ဆောင်က သတိပေး အသိဉာဏ်ပေး၍ မျှဝေပါသည်။

အသိမှန်၊ အကျင့်မှန် ဤနှစ်တန် ချမ်းသာအစစ်မှန် ဖြစ်ပေ(စေ)သည်။
ချစ်ခင်မြတ်နိုး တန်ဖိုးထား လေးစားစွာဖြင့်
ဝင်းမြင့်

0 comments:

Post a Comment

 
 

Blogger


လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊လူ့ဗာလတို့ များလှဖြာဖြာ

အ၀ိဇ္ဇာနှင့် ၊ တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ...... ။
.....